Friday

မြန်မာ့အကြပ်အတည်း ဆက်ရှိနေဆဲဟု ICG ကပြော

( မဇ္ဈိမ )

လုံခြုံရေးနှင့် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာများကို ပြုစု တင်ပြနေသည့် ထင်ရှားသော ဥာဏ်ကြီးရှင် အဖွဲ့တခုက မြန်မာ့ အကြပ်အတည်းသည် သြဂုတ်လ အရေးအခင်းများ ဖြစ်ပွါးပြီးနောက် မပြောင်းမလဲ ဆက်လက် တည်ရှိမြဲ ဖြစ်သည်ဟု ရေးသား ပြောဆိုလိုက်ပါသည်။

အများ မျှော်လင့် စောင့်စားနေခဲ့ကြသည့် ၈၈၈၈ လူထုအုံကြွမှု အရေးအခင်းကြီး နှစ် ၂ဝ ပြည့် အထိမ်းအမှတ်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် သွားခဲ့ကြသည့် အများ အပုပ်ချစရာ ခရီစဉ်များ ပြီးဆုံးသွားခဲ့သော်လည်း မြန်မာ့ ပဋိပက္ခ အခြေအနေသည် လွန်ခဲ့သော လအတွင်း သိသိသာသာ တိုးတက်လာခြင်းလည်း မရှိ၊ ယိုယွင်းသွားခြင်းလည်း မရှိဟု နိုင်ငံတကာ အကြပ်အတည်း လေ့လာရေးအဖွဲ့ကြီး (ICG) က ထင်မြင် ယူဆပါသည်။

သြဂုတ်လအတွင်း လာရောက် လည်ပတ်ခဲ့ကြသည့် ကုလ ကိုယ်စားလှယ်များ၏ ကြိုးပန်းမှုကို အမှတ်ပေးနိုင်ဖွယ် ရှိသော်လည်း အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ အနေဖြင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်၎င်း၊ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့သည့်အတွက် “ကုလသမဂ္ဂ၏ ကြိုးပန်းမှုများ၏ ထိရောက်မှု” ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လစဉ် သတင်းလွှာတွင် ဖေါ်ပြထားပါသည်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှား အစိုးရ၏ ပြုမူ ဆောင်ရွက်ချက်များ၏ အတိုင်းအတာ ပမာဏကိုလည်း ICG က ချိန်ထိုး ဖေါ်ပြသွားခဲ့ပါသည်။ နေပြည်တော်မှ စေလွှတ်သော သံတမန်များနှင့် အပြန်အလှန် လဲလှယ်ရေးတွင် တည်ရှိနေသော အတားအဆီးများကို ဖယ်ရှားပစ်ရန် ဂျကာတာရှိ အစိုးရက ဆန္ဒရှိနေချိန်မှာပင် အင်ဒိုးနီးရှား သမတ ဆူစီလိုဘန်ဘန်ယူဒိုဟိုနို (Susilo Bambang Yudyohono) ၏ အင်ဒိုနီးရှား နိုင်ငံ မြို့တော်တွင် ကျင်းပသည့် လွတ်လပ်ရေး အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၄ ဦးကို ဖိတ်ကြားခဲ့ခြင်းအား ဤသတင်းလွှာတွင် သတိပြု ဖေါ်ပြထားသည်ကို တွေ့ရသည်။

မြန်မာ့ပဋိပက္ခတွင် နောက်ဆုံး အပြောင်းအလဲမှာ ၂ဝဝ၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် “ကြီးမား ပြင်းထန်လှသော ဆိုင်ကလုံး မုန်တိုင်းကြီးနှင့် စစ်အစိုးရ၏ လူအများ အပြင်းအထန် ဝေဖန်ေ ပြာကြားဖွယ်ရာ တုံ့ပြန် ဆောင်ရွက်မှု” ကြီးကြောင့် မြန်မာနိုင်ငံ၏ အခြေအနေ ဆိုးရွားသွားခဲ့ရသည်ဟု ICG က သုံးသပ် ဖေါ်ပြထားပါသည်။

၅ နှစ်သက်တမ်းရှိ ICG ၏ လစဉ် ပဋိပက္ခ အကဲဖြတ် သတင်းလွှာတွင် မြန်မာနိုင်ငံ၏ အခြေအနေကို ဘယ်တုံးကမျှ တိုးတက်လာသည်ဟု ခန့်မှန်း ဖေါ်ပြထားခြင်း မရှိခဲ့ပါ။

၂ဝဝ၈ ခုနှစ် သြဂုတ်လအတွင်း အခြေအနေ ဆိုးရွားသွားခဲ့သော နိုင်ငံ ၁၂ နိုင်ငံ စာရင်းတွင် အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်သော ဖိလိပိုင် နိုင်ငံလည်း ပါဝင်သည်။ ထိုသို့ ဆိုးရွား ယိုယွင်းသွားခဲ့ရခြင်း၏ အဓိက အကြောင်းမှာ အစိုးရအပေါ် သစ္စာခံသော တပ်ဖွဲ့များနှင့် မိုရိုအစ္စလမ်မစ် လွတ်မြောက်ရေး တပ်ဦးတို့အကြား တင်းမာမှုနှင့် တိုက်ခိုက်မှုများ အသစ်တဖန် ပြန်လည် ပေါ်ထွန်းလာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။

လွန်ခဲ့သော ၃၁ ရက်အတွင်း ဖြစ်ပွါးဆဲ ပဋိပက္ခများတွင် တိုးတက်မှုများ မြင်တွေ့ခဲ့ရသည်ဟု ဆိုသော နိုင်ငံဆို၍ နီပေါ တနိုင်ငံတည်းသာ ရှိသည်။

0 comments: