Wednesday

နောင်အနာဂတ် သျှမ်းပြည် ဖွဲ့စည်းပုံ ပြောင်းလဲဖွယ်ရှိ


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ဒေသအုပ်ချုပ်ရေးဖွဲ့စည်းပုံအရ သျှမ်းပြည်ကို ၃ ပိုင်းခွဲ ထားရာမှ နောင်အစိုးရသစ် လက်ထက်တွင် တစ်ပေါင်းတည်း ပြန်လည် ဖွဲ့စည်းမည်ဟု သိရသည်။

လက်ရှိ ဖွဲ့စည်းပုံတွင် သျှမ်းပြည်ကိုတောင်၊ မြောက်နှင့် အရှေ့ဟူ၍ ဒေသ ၃ ခု ပိုင်းခြားထားပြီး အုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့တော်များကို သီးခြားစီ သတ်မှတ်ထားခြင်း ဖြစ်သည်။

နောင်တက်လာမည့် အစိုးရသစ်လက်ထက်၌ ပြည်နယ် ၀န်ကြီးရုံးအဖွဲ့ အုပ်ချုပ်မှုအောက်တွင် သျှမ်းပြည်ကို တစ်ပေါင်းတည်းပြန်လည်ထားရှိ အုပ်ချုပ်မည်ဟု ခိုင်လုံသည့် နေပြည်တော်သတင်းရပ်ကွက်တစ်ခုက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

အနာဂတ် သျှမ်းပြည် အုပ်ချုပ်ရေးဖွဲ့စည်းပုံတွင် ပြည်နယ်ဝန်ကြီးနှင့် ရုံးအဖွဲ့ထားရှိမည် ဖြစ်ပြီး ရုံးအဖွဲ့တွင် ညွှန်ကြားရေးမှူးချုပ် ၁ ဦး နှင့် ဒုညွန်ချုပ် ၃ ဦးခန့်အပ်မည်ဖြစ်ကြောင်း ဤကဲ့သို့ပြောပါသည်။

“အစိုးရသစ်တက်လာရင် သျှမ်းပြည်ကို တောင်ပိုင်း ၊ မြောက်ပိုင်း ၊ အရှေ့ပိုင်း မခွဲတော့ပဲ တစ်ပေါင်းတည်း အုပ်ချုပ်မယ် ပြည်နယ်ဝန်ကြီးအောက်မှာ ရုံးအဖွဲ့ရှိမယ် ရုံးအဖွဲ့မှာ ညွန်ချုပ် တစ်ယောက် သူ့အောက်မှာ ဒုညွန်ချုပ်က ၃ ဦးထားမယ် ” ဟု နေပြည်တော်သတင်းရပ်ကွက်က ဆိုသည်။

အဆိုပါဒု-ညွန်ချုပ် ၃ ဦးအနက် တစ်ဦးက လက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန၏ တာဝန်များဖြစ်သော မြေ စာရင်း ယစ်မျိုး စသည့် တာဝန်များယူမည် ဖြစ်ပြီး အခြားတစ်ဦးမှာ ဒေသန္တရအုပ်ချုပ်ရေးတာဝန်နှင့် ကျန်တစ် ဦးမှာ ပြည်နယ်နှင့် အစိုးရအကြားဆက်ဆံရေးတာဝန်များ ယူဖွယ်ရှိသည်ဟု သိရသည်။

လက်ရှိ နအဖ ဖွဲ့စည်းပုံတွင် သျှမ်းပြည်ကိုတောင်၊ မြောက်နှင့် အရှေ့ဟူ၍ ဒေသ ၃ ခု ပိုင်းခြားထားပြီး အုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့တော်များကို သီးခြားစီ သတ်မှတ်ထားခြင်း ဖြစ်သည်။

သျှမ်းပြည် (တောင်ပိုင်း) မြို့တော် တောင်ကြီး၊ မြောက်ပိုင်းမြို့တော် လားရှိုးနှင့် အရှေ့ပိုင်း မြို့တော် ကျိုင်းတုံတို့ ဖြစ်သည်။

အဆိုပါ မြို့တော် ၃ ခုတွင် စစ်တိုင်းဋ္ဌာနချုပ် ၃ ခု အခြေစိုက်ထားပြီး စစ်တိုင်းမှူးများက ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေသ တစ်ခုချင်းစီ၏ အုပ်ချုပ်ရေးတာဝန်များယူလျှက် ရှိသည်။
copy: www.mongloi.org



0 comments: