Thursday

မိုင်းလားအဖွဲ့အား လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်/တပ်ရုပ်ရန် ကျိုင်းတုံတြိဂံတိုင်းဖိအားပေး

(mongloi)
မိုင်းလားအပစ်ရပ်အဖွဲ့ ဟု လူသိများသော တရုတ်ပြည်၊တာလော့မြို့ မျက်နှာချင်းဆိုင် သျှမ်းပြည်အရှေ့ပိုင်း ဦးစိုင်းလင်းခေါ်လင်မင်ရှင်းဦးဆောင်သည့် အထူးဒေသ ၄ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA အဖွဲ့အားဆန္ဒခံယူပွဲနောက်ပိုင်း ကျိုင်းတုံတြိဂံတိုင်းက လက်နက်နှင့် ငြိမ်းချမ်းရေးလှဲလှယ်ရန် ဖိအားပေးနေသည်ဟု မိုင်းလားမှ လာသောသတင်းများအရ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သဖြင့် စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရအုပ်ချုပ်ရေးသို့ မပြောင်းမီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်နက်ကိုင်အဖွဲ့အားလုံး အစိုးရလက်အောက်သို့ ကျရောက်သင့်ကြောင်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းဂျီဝမ်းက ဂျွှန်လအတွင်း မိုင်းလားသို့ ၂ကြိမ်တိုင်တိုင် သွားရောက်ဆွေးနွေးပြောဆိုခဲ့သည်ဟု ဆို၏။
“နအဖ အာဏာပိုင်တွေက ပြောတယ်၊ တပ်ဖွဲ့ဝင်အားလုံးထာဝရ ငြိမ်းချမ်းရေးလမ်းပေါ် မလျှေက်ရင်လဲ အထူးဒေသ ၄ နာမည်အစား အမှတ် ၄ အထူးတိုက်ခိုက်ရေးအဖွဲ့လို့ နာမည်ပြောင်းပြီး နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာနေရင် ပိုကောင်းမယ်တဲ့” ဟု မိုင်းလားဌာနချုပ်မှ အရာရှိတဦးကပြောပြသည်။
အပစ်ရပ်အထူးဒေသ ၄ အဖွဲ့အပေါ် နအဖအာဏာပိုင်များ နောက်တစ်ခုဆင့်ဆိုသည်မှာ လက်ရှိ NDAA ထိန်းချုပ်နယ်မြေများမှ တပ်ရုပ်ပေးရန်ဖြစ်သည်ဟု ဆို၏။ တပ်မဟာ ၃၆၉ ဌာနချုပ်ဆီးလူးရှိ ၀မ့်ပါဆန့်၊ ၀မ့်ခါး၊ ၀မ့်ဝိန်း၊ ၀မ့်ဟူ့တိုက်နှင့် ၀မ့်ဟူ့နေရှိ တပ်စခန်းများကိုလည်းကောင်း၊ တပ်မဟာ ၉၁၁ နမ့်ပန်းရှိ မိုင်းယု၊မိုင်းလွေ နှင့် တာ့ဆွပ်လွေဆိပ်(မဲခေါင်မြစ်ထဲစီးဝင်သည့် နမ့်လွေချေင်းဝ ဆိပ်ကမ်း) ရှိတပ်စခန်းများကိုလည်းကောင်းဒေသအတွင်းမှ မိုင်းလားသို့ တပ်ရုပ်ဆုတ်ခွါရန် နအဖအာဏာပိုင်တို့ တောင်းဆိုသည်ဟု ဆို၏။
NDAA အပစ်ရပ်မိုင်းလားအဖွဲ့အထူးဒေသ ၄ ခေါင်းဆောင်အသက် ၆၂ နှစ်အရွယ် ဦးစိုင်းလင်းနေဖြင့် နအဖ၏ တောင်းဆိုဖိအားပေးမှုကို တုန့်ပြန်ရန်ခေါင်းဆောင်ပိုင်းအရာရှိ အစည်းအဝေးထိုင်နေကြဆဲဖြစ်သည်ဟု ဆိုပါသည်။
ထို့အတူ လွန်ခဲ့သည့် ၂၀၀၈ နှစ်ဦးပိုင်းကလည်း အပစ်ရပ်သျှမ်းပြည်မြောက်ပိုင်း SSA အထူးဒေသ ၃ အဖွဲ့အားလည်း-
(၁) ခေါင်းဆောင်လူကြီးများတပ်မှ အနားယူပြီး နိုင်ငံရေးပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန်
(၂) အလယ်အလတ်ခေါင်းဆောင်များအား တာဝန်လွှဲပေးရန်
(၃) စစ်သားသစ်များအား ဗမာစစ်တပ်က သင်တန်းပေးဘို့လွှဲပေးရန်
(၄) လစာနှင့်စားနပ်ရိက္ခာများကို ဗမာစစ်တပ်က တာဝန်ယူထောက်ပံ့ပေးမည်
ဟူသော စစ်အစိုးရ၏ တောင်းဆိုချက်ကိစ္စအပေါ် အပစ်ရပ်အထူးဒေသ ၃ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းဌာနချုပ်တွင် အကြေအလည်ဆွေးနွေးခဲ့ဖူးသည်ဟု SSA သတင်းရပ်ကွက်က ဆိုပါသည်။
၂၀၀၅ အထိ နအဖစစ်အစိုးရနှင့် အပစ်ရပ်ထားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၅ ဖွဲ့မှာ သျှမ်းပြည်မှ ၉ ဖွဲ့၊ ကချင်ပြည်မှ ၂ ဖွဲ့၊ ကရင်နီ ၃ ဖွဲ့နှင့် မွန် ၁ ဖွဲ့တို့ဖြစ်ကြပြီး သျှမ်းပြည်အမျိုးသားတပ်မတော် SSNA နှင့် PSLA ပလောင်အဖွဲ့တို့မှာ နအဖ၏ ဖိအားပေးမှုကြောင့် အပြီးတိုင်လက်နက်ချခဲ့ကြပြီးဖြစ်သည်။

0 comments: