Friday

ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လေဘေးဒုက္ခသည် ရှင်းလင်းရေးလုပ်

NEJ/ ၃ ဇွန် ၂၀၀၈

လေဘေးဒုက္ခသည်များနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဆင့်ပြီးသည့်နောက် ပြန်လည် ထူထောင်ရေး လုပ်နေပြီဖြစ်ကြောင်း ပြသရန် လုံထိန်းရဲတပ်ဖွဲ့ကို အင်အားအလုံးအရင်းသုံး လုပ်ဆောင်နေကြောင်း ကွမ်းခြံကုန်းမြို့ခံများက ပြောသည်။

ကွမ်းခြံကုန်းမြို့ မြေစာရင်းဌာန ၀န်ထမ်းတဦးက “နဂိုက အားကစားဝင်းကြီးထဲမှာ နိုင်ငံတကာက ပေးတဲ့ ရွက်ဖျင်တဲတွေ ထိုးပြီး ဒုက္ခသည်တွေကို ထားတာ ရှိတယ်။ ခုတော့ အားလုံးကို နေရပ် ပြန်ခိုင်းလိုက်ပြီ။ နောက် အစိုးရ စာသင်ကျောင်းတချို့မှာ ခိုလှုံနေသူတွေကိုလည်း ပြန်ခိုင်း လိုက်ပြီ” ဟု ပြောသည်။
Image and video hosting by TinyPic
ဒုက္ခသည်များ မရှိတော့သည့် ကွမ်းခြံကုန်းမှ ဒုက္ခသည်စခန်း

နေရပ် ပြန်သွားရသည့် ဒုက္ခသည်များသည် ၎င်းတို့ရွာ၌ စားဝတ်နေရေး အဆင်မပြေ၍ ရန်ကုန် ဘက်မှ အလှူရှင်များ အလုံးအရင်းဖြင့်လာသည့် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းပေါ်သို့ တက်လာကြသူများဖြစ်သည်။ အဆိုပါ ဒုက္ခသည်လူဦးရေမှာ နေ့စဉ် သောင်းနှင့်ချီ ရှိကြောင်း၊ အလှူရှင်များက ၎င်းတို့ကို သနားသည့်အတွက် ဆန်နှင့် အခြားပစ္စည်းများ လှူဒါန်းကြောင်း သိရသည်။

“ခုတော့ အဲဒါကို တားဆီးဖို့အတွက် အာဏာပိုင်တွေဟာ ကားလမ်းတလျှောက် လုံထိန်းတပ်ရင်း တွေကို နေ့ရောညပါ ချထားတယ်။ ကားလမ်းပေါ် တက်လာတဲ့ အရပ်သားတွေကို စောင့်ကြည့်ပြီး မထင်ရင် မထင်သလို ရိုက်တာတွေ လုပ်ပြီး ပြန်မောင်းချတယ်” ဟု.....


Summary

အဆိုပါ မြေစာရင်းဌာန
ဝန်ထမ်းက ပြောသည်။

ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သူ တဦးကလည်း ကားလမ်းတလျှောက် လုံထိန်း တပ်ဖွဲ့များကို ချထားသည်မှာ ယုံနိုင်ဖွယ်ရာ မရှိကြောင်း၊ ကော့မှူးကွမ်းခြံကုန်းအကြား ဓာတ်မီး တိုင် တတိုင်စာ၌ လုံထိန်းတပ်ဖွဲ့ဝင် (၂) ဦးစီ နေရာချထားပြီး ကွမ်းခြံကုန်း- ဒေးဒရဲလမ်းပိုင်း တွင်မူ ဓာတ်မီးတိုင် တတိုင်စာ၌ (၅) ယောက်တဖွဲ့ ချထားကြောင်း ပြောသည်။

၎င်းက “ (၄) ဖွဲ့ (၅) ဖွဲ့ အကွာလောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းတွေ တင်ထားတဲ့ တရုတ်ပြည်လုပ် လုံထိန်းကားတွေ ရပ်တန့်ထားတယ်။ တချို့အဖွဲ့တွေက တဲဆောက်ပြီး နေကြသလို တချို့အဖွဲ့ကတော့ ပလတ်စတစ်စ မိုးပြီး နေနေကြတယ်။ စုစုပေါင်း လမ်းတ လျှောက် အင်အား (၁) ထောင်ကျော် ရှိနိုင်တယ်” ဟု ပြောသည်။

ယမန်နေ့ ညဘက်တွင် ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လာသူ တဦးက ကားလမ်းတလျှောက်၌ ရဲစစ်ဆေးရေးဂိတ် (၅) ဂိတ် ချထားပြီး လုံထိန်းတပ်ဖွဲ့များသည် ညအချိန်၌ ကား (၃-၄) စီးတစု စုဖွဲ့၍ လမ်းဘေးတွင် အလှည့်ကျ ကင်းစောင့်ပြီး နိုင်ငံခြားသားများ ၀င်ရောက်ခြင်း ရှိမရှိ စစ်ဆေးနေကြသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အပြင် လေဘေးဒုက္ခသည်များအား ကယ်ဆယ်ကူညီရေး ပစ္စည်းများပေးရန် ရောက်လာသည့် ကားများကိုလည်း လမ်းဘေးတွင် လှူဒါန်းပါက ပြည်တွင်းပြည်ပ ခရီးသွားများက တွေ့မြင်သွားပြီး နိုင်ငံဂုဏ်သိက္ခာ ကျဆင်းကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာကတဆင့်သာ လှူဒါန်းကြရန် နှိုးဆော် စာများ ဖြန့်ဝေနေကြောင်း၊ လမ်းတလျှောက်၌လည်း လမ်းဘေးတွင် ကားရပ်ပြီး မလှူရန်၊ ကား ပေါ်က ပစ္စည်းပစ်မချရန်ဆိုသည့် သတိပေးစာ ဆိုင်းဘုတ်အနီများ ထောင်ထားကြောင်း ၎င်းက ပြောသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း နအဖက ကြေညာခဲ့ချိန်မှစ၍ ယခုကဲ့သို့ အရေးယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒုက္ခသည်များကို ၎င်းတို့ ခိုလှုံရာ စခန်းများမှ အတင်းအကျပ် မောင်းထုတ်ခြင်း၊ ကားလမ်းနံဘေးသို့ ဒုက္ခသည်များ တက်မလာနိုင်ရန် လုံထိန်း တပ်ဖွဲ့ဝင်များ သုံး၍ ဟန့်တားခြင်းနှင့် အလှူသွားပေးသည့် ကားများကိုလည်း ဖမ်းဆီးဒဏ်ရိုက် ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

0 comments: