၁- နိုင်ငံတော်ကို ဒေသကြီး (၇)ခု နဲ့ ပြည်နယ်(၇)ခုအဖြစ် ဖွဲ့စည်းထားတာကိုက တိုင်းရင်းသားလူမျိုးစုများ အားလုံးတန်းတူညီမျှရေးကို ငြင်းပယ်လိုက်တာပါ။
၂- ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသားများအတွက် ပြည်နယ်(၇)ခု (ရှမ်း၊ကချင်၊ကရင်၊မွန်၊ရခိုင်၊ကယား၊ချင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (တစ်)ခု `၀´နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှဇုံ (ငါး)ခု `နာဂ၊ဓနု၊ပလောင်၊ကိုးကန့်´ ခွဲခြားပေးထားပါတယ်။
၃- ဒီဖွဲ့စည်းပုံအရ ပြည်နယ်အားလုံးမှာ ပြည်နယ်လွှတ်တော်များဖွဲ့စည်းထားရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့လေးပုံတပုံက ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိတွေ ဖြစ်မှာပါ။ တိုင်းရင်းသားများရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး မျှော်လင့်ချက်ဟာ ဒီမှာတင် ပျက်ပြယ်သွားပါပြီ။ပြည်နယ် တွေရဲ့ အရေးကိစ္စကို တပ်မတော်အရာရှိများက၀င်ရောက် ချယ်လှယ်နေကြမှာပါ။....
၎- ဒီဖွဲ့စည်းပုံမှာပဲ ပြည်နယ်ရဲ့ အကြီးအကဲဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များက တိုက်ရိုက်ရွေးချယ် တင်မြှောက်ခွင့် မရှိပါဘူး။ နိုင်ငံတော် သမ္မတကသာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သူစိတ်တိုင်းကျတယောက်ကို ခန့်အပ်တာဝန်ပေးမှာပါ။ တိုင်းရင်းသားတွေအဖို့ ကိုယ့်ခေါင်းဆောင်ကိုယ်တောင် ရွေးချယ်ခွင့်မရပဲ ပြည်မက ရွေးချယ်တာဝန်ပေးသူကိုသာ လက်ခံကြရမှာပါ။
၅- ပြည်နယ်ဝန်ကြီးချုပ်ကလည်း ပြည်နယ်အစိုးရအဖွဲ့ကို သူ့စိတ်ကြိုက်ဖွဲ့စည်းခွင့်မရှိပါဘူး။ပြည်နယ်ဝန်ကြီး ဖြစ်သင့်သူတွေကို ရွေးချယ်ပြီး နိုင်ငံတော် သမ္မတထံ တင်ပြပြီး နိုင်ငံတော်သမ္မတက သဘောတူညီမှ ခန့်အပ်ခွင့် ရှိတာပါ။ အဲဒီပြည်နယ်အစိုးရအဖွဲ့မှာလည်း လုံခြုံရေးနဲ့ နယ်စပ်အရေးကိစ္စတွေအတွက် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပေးအပ်တဲ့ တပ်မတော်အရာရှိတွေကိုပဲ ခန့်အပ်ရမှာပါ။
၆- ပြည်နယ်တွေဟာ တရားသူကြီးတွေကိုလည်း ဒေသခံတိုင်းရင်းသားများဆန္ဒနဲ့ ခန့်အပ်လို့ မရပြန်ပါဘူး။ နိုင်ငံတော်သမ္မတ ကသာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ်တရားသူကြီးများကို ခန့်အပ်မှာ ဖြစ်ပါတယ်။ ဒီတော့ပြည်နယ်များရဲ့ တရားစီရင်ရေးအာဏာဟာ ပြည်မဗဟိုအစိုးရရဲ့ ကိုင်တွယ်မှုအောက်မှာပဲ ရှိပါတယ်။
၇- အထက်မှာ ဖေါ်ပြခဲ့သလို ပြည်နယ်တွေမှာ လွှတ်တော်ရေးရာနဲ့ အုပ်ချုပ်ရေးရာတွေမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်အရာရှိများက ၀င်ရောက်စွက်ဖက်နေမှာ ဖြစ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်တရားသူကြီးများကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးများနဲ့ အဝေးကြီးဖြစ်နေပါပြီ။
၈- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများမှာတော့ လွှတ်တော်အစားဦးစီးအဖွဲ့များ ဖွဲ့စည်းမှာ ဖြစ်ပြီး ဦးစီးအဖွဲ့ များက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ကြမှာပါ။ ထုံးစံအတိုင်း ဦးစီးအဖွဲ့ဝင် လေးပုံတပုံဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိများဖြစ်ပြီး လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာများကို ကိုင်တွယ်ကြမှာပါ။ အဲဒီ ဦးစီးအဖွဲ့များရဲ့ ဥက္ကဋ္ဌများကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန် ပေးမှာပါ။
၉- နောက်အရေးကြီးတဲ့အချက်ကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အခန်းကဏ္ဍပါ။အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဟာ ဗဟိုအစိုးရရဲ့ လက်အောက်က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံအဖွဲ့အစည်း ဖြစ်ပြီး ဗဟိုကနေ ပြည်နယ်၊ဒေသ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဇုံများ၊မြို့နယ်များအထိ အဆင့်ဆင့် တည်ရှိမှာပါ။ပြီးတော့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ပြည်နယ်နဲ့ ဒေသအကြီးအကဲဟာ ပြည်နယ်၊ဒေသအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူ့ရဲ့ရုံးအဖွဲ့က ပြည်နယ်၊ဒေသအစိုးရရဲ့ ရုံးအဖွဲ့ ဖြစ်လာမှာပါ။ အလားတူပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဇုံများက အထွေထွေအုပ်ချုပ်ရေးဌာန အကြီးအကဲက အဲဒီတိုင်းနဲ့ဇုံများ ဦးစီးအဖွဲ့ များရဲ့ အတွင်းရေးမှူးဖြစ်ပြီး သူ့ရဲ့ရုံးအဖွဲ့က ဦးစီးအဖွဲ့များရဲ့ ရုံးအဖွဲ့လည်းဖြစ်တယ်။
၁၀- ဒီလိုနဲ့ နအဖရဲ့ ဖွဲ့စည်းခံအခြေခံဥပဒေဟာ တိုင်းရင်းသားများ တောင်းဆိုနေကြတဲ့ ဖယ်ဒရယ်မူ၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များကို ငြင်းပယ်ထားပြီး ဗဟိုအစီုးရရဲ့ လက်အောက်ခံဘ၀နဲ့ ဗဟိုအစီုးရရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အရေးအရာအားလုံးကို ချုပ်ကိုင်ချယ်လှယ်တာကိုပဲ ခံကြရတော့မှာပါ။
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် အာမခံချက်မရှိတဲ့၊ တိုင်းရင်းသား လူမျိုးစုများ အခွင့်အရေးတွေကို ငြင်းပယ်ထားတဲ့၊ စစ်တပ်ကို သီးခြားအခွင့်ထူးခံ လူတန်းစား (သို့) အုပ်ချုပ်သူ လူတန်းစား အဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များ အဖြစ် သတ်မှတ်လိုက်တဲ့၊ ဒီနအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့အားလုံး တိုင်းရင်းသားညီအကို မောင်နှမ များအားလုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
from
အောင်ဒင်(ဖေဖေါ်ဝါရီ ၁၂.၂၀၀၈-ပြည်ထောင်စုနေ့) မှ ဖော်ပြချက်ဖြစ်ပါသည်။
Wednesday
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုများအပေါ် ဖိနှိပ်ကန့်သတ်မှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment